ဒုဋ္ဌဝတီမြစ်၊ စစ်တောင်းမြစ်၊ ပဲခူးမြစ်နဲ့ သံလွင်မြစ်တွေဟာ စက်တင်ဘာ ၁၄ ရက် မနက် ၇ နာရီခွဲအချိန် တိုင်းထွာချက်တွေအရမြစ်ငယ်၊ တောင်ငူ၊ မဒေါက်၊ ပဲခူးနဲ့ ဘားအံမြို့တွေမှာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၄ ရက် မနက် ၈ နာရီခွဲ အချိန်မှာထုတ်ပြန်ထားပါတယ်။
ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ အဲ့ဒီမြို့ရဲ့စိုးရိမ်ရေမှတ် ၂၈ ဒသမ ၅၄ ပေရဲ့အထက်ကို ၃ ပေခွဲကျော် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် ဆက်လက်မြင့်တက်လာနိုင်တယ်လို့ဆိုပါတယ်။

စစ်တောင်းမြစ်ရေဟာလည်း တောင်ငူမြို့မှာ အဲ့ဒီမြို့ရဲ့စိုးရိမ်ရေမှတ် ၁၉ ဒသမ ၆၉ပေရဲ့အထက်ကို ၇ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်၁ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာဆက်ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ အဲ့ဒီမြို့ရဲ့စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေရဲ့အထက်ကို ၂ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ပဲခူးမြစ်ရေကတော့ ပဲခူးမြို့မှာ အဲ့ဒီမြို့ရဲ့စိုးရိမ်ရေမှတ် ၂၈ ဒသမ ၈၇ပေရဲ့အထက်ကို ၁ပေခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်၁ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနိုင်တယ်လို့ဆိုပါတယ်။
သံလွင်မြစ်ရေကလည်း ဘားအံမြို့မှာ အဲ့ဒီမြို့ရဲ့ စိုးရိမ်ရေမှတ် ၂၄ ဒသမ ၆၁ ပေရဲ့အထက်ကို ၇ပေကျော် ကျော်လွန်ရောက်ရှိနေပြီး နောက်၁ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၃ ရက်အထိ နိုင်ငံတစ်ဝန်းမှာရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ မြို့နယ်ပေါင်း၃၄မြို့နယ်မှာ ရေဝင်ရောက်မှုကြောင့်ပြောင်းရွှေ့ခဲ့ရတဲ့ လူဦးရေ ၂၃၆၆၄၉ ယောက်ရှိပြီး အသက်ဆုံးရှုံးရသူ ၃၃ ဦး ရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကသတင်းထုတ်ပြန်ထားပါတယ်။