တောင်ငူ၊ မဒေါက်၊ ပဲခူး၊ ဘားအံနဲ့ မြဝတီမြို့တွေမှာ မြစ်ရေတွေဟာ စိုးရိမ်ရေမှတ်အထက်ကျော်လွန် ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၂ ရက် မနက် ၈ နာရီခွဲအချိန်မှာထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၂ ရက် မနက် ၇ နာရီခွဲအချိန်တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၁ ပေခွဲကျော်လောက်ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်တယ်လို့ဖော်ပြထားပါတယ်။
စစ်တောင်းမြစ်ရေဟာလည်း မဒေါက်မြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်ကို ၂ ပေခွဲကျော်လောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင်တယ်လို့ဆိုပါတယ်။
ပဲခူးမြစ်ရေကတော့ ပဲခူးမြို့မှာ စိုးရိမ်ရေအမှတ်အထက်ကို ၁ ပေလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ပါတယ်။ အလားတူ သံလွင်မြစ်ရေက ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက်ကို ၂ ပေခွဲခန့်ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၂ ပေခွဲခန့် မြင့်တက်လာနိုင်ပါတယ်။
ဒါ့အပြင် သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ စိုးရိမ်ရေအမှတ်အထက်ကို ၅ ပေခွဲကျော် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၄ ပေခန့် ပြန်လည်ကျဆင်းလာနိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ အဲဒါကြောင့် တောင်ငူ၊ မဒေါက်၊ ပဲခူး၊ ဘားအံနဲ့ မြဝတီမြို့နယ်တွေက အနိမ့်ပိုင်းနဲ့မြစ်ကမ်းအနီးတွေမှာ နေထိုင်သူတွေအနေနဲ့သတိပြုကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။