မြဝတီမြို့နဲ့ မဒေါက်မြို့တွေမှာ မြစ်ရေတွေဟာ စိုးရိမ်ရေမှတ်အထက်မှာရောက်ရှိနေပြီး ဘီးလင်းနဲ့ဘားအံမြို့မှာလည်းမြစ်ရေမြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ စက်တင်ဘာ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းတာချက်အရသိရပါတယ်။
စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၂၆ စင်တီမီတာ၊ သောင်ရင်းမြစ်ရေကတော့ မြဝတီမြို့မှာ စိုးရိမ်ရေမှတ်အထက် ၁၀၁ စင်တီမီတာအထိ ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သံလွင်မြစ်ရေက ဘားအံမြို့ နဲ့ ဘီးလင်းမြစ်ရေကတော့ဘီးလင်းမြို့မှာ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကိုရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ မြစ်ရေမြင့်တက်နိုင်တဲ့ မြို့နယ်တွေက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့လည်း အထူးသတိပြုနေထိုင်ကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ပင်လောင်းနဲ့ မိုင်းဆတ်မြို့နယ်တွေမှာလည်း စက်တင်ဘာ ၁၀ ရက်မှာ မိုးရေချိန်စံချိန်သစ်တင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကိုဖြတ်ကျော်နေတဲ့လေပွေလှိုင်းဟာ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။