တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ဇန်နဝါရီ၁၈ရက်က တစ်ရက်တည်းမီးလောင်မှုနှစ်ကြိမ်ဖြစ်ပြီး လူတစ်ယောက်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်၊မင်္ဂလာလမ်းသွယ်မှာရှိတဲ့နေအိမ်တစ်အိမ်မှာ ဇန်နဝါရီ၁၈ရက်၊ မနက်၃နာရီ ၃၅မိနစ်ဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မြိတ်ခရိုင်မီးသတ်စခန်းက မီးသတ်ယာဉ်၁စီး၊ ရေသယ်ယာဉ်၁စီးတို့နဲ့ ငြှိမ်းသတ်ခဲ့ရာမှာ မနက်၄နာရီမှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။အဲ့ဒီမီးလောင်မှုကြောင့် နေအိမ်၃လုံး ပျက်စီးဆုံးရှုံးခဲ့သလို အမျိုးသားတစ်ယောက်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြိတ်မြို့၊ ရှမ်းချောင်ရပ်ကွက်က ဂိုထောင်တစ်ခုမှာဇန်နဝါရီ၁၈ရက်၊ မွန်းလွဲ၂နာရီ၃၂မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။အဲ့ဒီမီးလောင်မှုကို မြိတ်ခရိုင်မီးသတ်စခန်းက မီးသတ်ယာဉ်၄စီး၊ ရေသယ်ယာဉ်၄စီးနဲ့ ၂နာရီနီးပါးကြာ ငြှိမ်းသတ်ခဲ့ရပြီး ညနေ၄နာရီ၁၅မိနစ်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- ရှင်သန်ရေးပရဟိတအသင်း(မြိတ်)/ MFSD