ကရင်ပြည်နယ်၊ မြဝတီမြို့မှာ သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးမှုအတွင်း ကလေးတစ်ယောက် အပါအဝင် လူ(၄)ယောက် သေဆုံးခဲ့တယ်လို့ မြဝတီမြို့က Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

လက်ရှိမှာတော့ သောင်ရင်းမြစ်ရေ ပြန်လည်ကျဆင်းနေပြီး မြဝတီမြို့ပေါ်ရပ်ကွက်တွေမှာလည်း ရေပြန်လည်ကျဆင်းနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက မြဝတီမြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးမှုတွေကြောင့် ကလေးတစ်ယောက်အပါအဝင် အမျိုးသား (၄)ယောက် ရေနစ် သေဆုံးခဲ့ပြီး ဇူလိုင် ၂၈ ရက်က ရေပြန်လည်ကျဆင်းချိန်မှာ အလောင်းတွေ ပေါ်လာတာဖြစ်တယ်လို့ Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ရေကြီးမှုကြောင့် မြဝတီမြို့ပေါ်က အခြေခံပညာကျောင်းတွေကို ယာယီပိတ်ထားဆဲဖြစ်သလို ရေပြန်ကျချိန် နုန်းတွေတင်ကျန်နေတဲ့အတွက် သန့်ရှင်းရေးလုပ်ပြီးမှ ကျောင်းတွေ ပြန်ဖွင့်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်ကတော့ မြဝတီမြို့နယ်မှာ ရေဘေးသင့်ပြည်သူ ငါးထောင်နီးပါးကို ယာယီကယ်ဆယ်ရေးစခန်း ၁၁ ခုမှာ ပြောင်းရွှေ့ နေရာချပေးခဲ့ရတယ်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ကနေ သိရပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းတာချက်အရ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ စိုးရိမ်ရေမှတ် ၉၆၃ စင်တာမီတာအောက် ၉၄၆ စင်တီမီတာမှာ ရောက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။