ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊မြဝတီမြို့မှာ သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် စက်တင်ဘာလ ၁၁ ရက်မနက်ပိုင်းကစပြီးရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်၊၊
မြဝတီမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းတာတွေကြောင့် သောင်ရင်းမြစ်ရေဟာ စက်တင်ဘာလ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်အချိန်လောက်ကစပြီး တဖြည်းဖြည်းမြင့်တက်လာကာ စက်တင်ဘာလ ၁၁ ရက် မနက်ပိုင်းမှာတော့ မြေနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်နေတာဖြစ်တယ်လို့ဆိုပါတယ်၊၊


လက်ရှိမှာလည်း မြဝတီမြို့လယ်ခေါင်အထိ မြစ်ရေတွေတစ်ရှိန်ထိုးမြင့်တက်နေပြီး အနိမ့်ပိုင်းရပ်ကွက်နေသူတွေဟာ အမြင့်ပိုင်းဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေနေထိုင်တာတွေပြုလုပ်နေရတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်၊၊
စက်တင်ဘာလ ၁၁ ရက် မနက် ၆ နာရီခွဲအချိန်တိုင်းတာချက်အရ မြဝတီမြို့မှာ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်စင်တီမီတာ ၃၀၀ ကျော်အထိ ကျော်လွန်ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်၊၊ မြဝတီမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လနောက်ဆုံးပတ်ကလည်း မိုးရွာသွန်းမှုများတာကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်လာပြီး မြို့တွင်းနေရာအများအပြားမှာ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပါသေးတယ်။
ဓာတ်ပုံ-ဘီဝမ်း