မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စက်တင်ဘာ ၁၂ ရက်ကစပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ နန္ဒာ မေတ္တာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကိုသက်မျိုးဦးက One News ကို ပြောပါတယ်။
မြစ်သားမြို့ပေါ်ရပ်ကွက် တွေနဲ့ ဒါးရဲကောင်း၊ မိုင်းဟင်၊ ရန်အေး၊ ရွာမုန်းကြီး၊ ကင်းစိန်ဈေး၊ ပေါက်မြိုင်၊ တမာပင်၊ နွားကူးလေး စတဲ့ ကျေးရွာတွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် ပိတ်မိနေသူအချို့လည်း ရှိနေတာကြောင့် အကူ အညီတွေ လိုအပ်နေတယ်လို့ ကိုသက်မျိုးဦးက ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက်၊ ညပိုင်းကတော့ မြစ်သား မြို့ပေါ်က ပြည်သူတချို့ကို မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက ရှာဖွေကယ်ဆယ်ရေးနဲ့ နေရာ ရွှေ့ပြောင်းပေးတာတွေ ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။