မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းနားနဲ့ မြေအနိမ့်ပိုင်းမှာ နေထိုင် တဲ့သူအချို့ ပြောင်းရွေ့နေထိုင်နေကြရတယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ မကွေးမြို့ပေါ်ရှိ အောင်မေတ္တာ(က)ရပ်ကွက်နဲ့ မြို့ဟောင်းရပ်ကွက်တွေမှာ နေထိုင်သူအချို့က ဘေးလွတ်ရာ နေရာနဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ပြောင်းရွှေ့နေထိုင်နေကြတာပါ။ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်က စတင်ကာ ကမ်းနားရပ်ကွက်ထဲထိ မြစ်ရေစတင်ဝင်ရောက်ခဲ့ပြီး အခုလက်ရှိမှာလည်း မြစ်ရေဝင်ရောက်မှုက တဖြည်းဖြည်း မြင့်တက်နေတာ ဖြစ်ပါတယ်။
အခုနှစ် မြစ်ရေဝင်ရောက်မှုက တော်တော်ဆိုးတဲ့အတွက် အခက်အခဲတော့ရှိတယ်လို့ သွေးဝေလျှံ အသက်သွေးနှင့် လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ကိုထွန်းလင်းသန်းက ပြောပါတယ်။
ရေဘေးသင့်ပြည်သူတွေကို ရပ်ကွက်ဓမ္မာရုံနဲ့ ဘေးလွတ်ရာနေရာတွေကို ကူညီရွှေ့ပြောင်းပေးတဲ့အပြင် မကွေးမြို့ပေါ်ရှိ ပရဟိတအသင်းတွေနဲ့ အလှူရှင်တွေကလည်း ထမင်းဘူးတွေ ၊ရေသန့်ဘူးတွေ လာရောက် လှူဒါန်းပါတယ်။ ဒါ့အပြင် မြို့နယ်ကျန်းမာရေးအဖွဲ့ကလည်း ကျန်းမာရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
အခုနှစ် မြစ်ရေမှာ ပစ္စည်းတွေ မျောပါတာတွေလည်းရှိပြီး အခုထိလည်း မြစ်ရေက တိုးနေဆဲပဲလို့ အောင်မေတ္တာ (က)ရပ်ကွက်က ရေဘေးသင့်ပြည်သူ ဒေါ်ခင်စန်းဝေက ပြောပါတယ်။
မကွေးတိုင်းအတွင်းက မကွေး၊ ရေနံချောင်း၊ ပခုက္ကူ ၊ မင်းဘူး၊ ဆင်ပေါင်ဝဲ၊ မင်းလှ စတဲ့ မြို့နယ်တွေမှာ ဧရာဝတီ မြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာ ရပ်ကွက်အချို့က ပြည်သူတွေဟာ ရေဘေးလွတ်ရာ ပြောင်းရွှေ့ နေထိုင် နေရပြီး စာသင်ကျောင်းအချို့လည်း ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။