ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသိရပါတယ်။
စက်တင်ဘာ ၉ ရက်၊ မနက် ၅ နာရီခွဲအချိန်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အောင်အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီးအားကောင်းတဲ့မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

အဲဒီအားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် စက်တင်ဘာ ၉ ရက်ကနေ ၁၂ ရက်အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးတာတွေနဲ့အတူ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်တဲ့သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်အနီးမှာ နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို ကြိုတင်သတိပြုကြဖို့ကိုလည်း အသိပေးနှိုးဆော်ထားပါတယ်၊၊