အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြောင့် မန္တလေးမြို့၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းရှိ နန်းမတော် မယ်နုအုတ်ကျောင်းအပါအဝင် ရှေးဟောင်းဘုရားစေတီပုထိုးအများစု ပြိုကျပျက်စီးသွားတာကို တွေ့ရပါတယ်။ နန်းမတော်မယ်နုအုတ်ကျောင်းကတော့ တောင်ဘက်မျက်နှာစာကလွဲပြီး ကျန်တဲ့နေရာတွေအားလုံး ပြိုကျပျက်စီး သွားတာပါ။

နန်းမတော်မယ်နုအုတ်ကျောင်းကြီး ပြိုကျပျက်စီးသွားတာကြောင့် အုတ်ကျောင်းကြီးကိုလာတဲ့ ခရီးသွားတွေကို မှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ဒေသခံတွေအတွက် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့ရနိုင်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

မယ်နုအုတ်ကျောင်းအပြင် အင်းဝဒေသက ထီးလှိုင်ရှင်စေတီ၊ လေးထပ်ကြီးကျောင်း၊ ခဲသင်ဘုရားစုတို့အပါအဝင် ရှေးဟောင်းစေတီပုထိုးအများစု ပြိုကျပျက်စီးသွားတာပါ။

မယ်နုအုတ်ကျောင်း ပြိုကျပျက်စီးသွားတာနဲ့ အင်းဝမြိုဟောင်း ထိခိုက်ပျက်စီးမှု များပြားတဲ့အကြောင်းနဲ့ပတ်သက် လို့ One News ရဲ့ သတင်းထောက် ကိုသီဟစိုးလွင်က ပြောပြသွားမှာပါ။
အင်းဝဒေသမှာ ငလျင်ဒဏ်ကြောင့် နေအိမ်ပြိုကျပျက်စီးသွားသူတွေလည်းရှိပြီး အလှူရှင်တွေ လာရောက်လှူဒါန်း မှုက နည်းနေသေးတဲ့အတွက် အင်းဝဒေသကိုလည်း လာရောက်လှူဒါန်းပေးစေချင်တယ်လို့ ဆိုပါတယ်။

မတ်လ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြောင့် မန္တလေးမြို့မှာ ဘုရားစေတီပုထိုးတွေ၊ သာသနိကအဆောက်အအုံတွေ၊ နေအိမ်တိုက်တာတွေ အက်ကွဲပြိုကျပျက်စီးခဲ့ရပြီး သေဆုံးသူတွေနဲ့ ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။