မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မှာရှိတဲ့ မန်းချောင်းရေလှောင်တမံမှာ ပင်မရေပိုလွှဲကနေ ဆည်ရေ ၃ ဒသမ ၂ ပေကျော်လောက် ရေကျော်ကျနေပြီး သာမန်ရေကျော်မှုအဆင့်ဖြစ်တဲ့အတွက် စိုးရိမ်စရာ မလိုဘူးလို့ မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်/မြောင်း)က လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မျိုးလှိုင်က ပြောပါတယ်။
မန်းချောင်းရေလှောင်တမံရဲ့ အမြင့်ဟာ ၆၄၀ ပေရှိပြီး ရေပြည့်အမှတ်က ၆၂၅ပေဖြစ်ကာ ဇူလိုင်၂၇ရက် မနက်၆နာရီအချိန်တိုင်းထွာချက်အရ တမံရဲ့ဆည်ရေအမှတ်က ၆၂၈ ဒသမ၂ပေကို ရောက်ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

တမံရဲ့ အမြင့်ဆုံးရေပြည့်အမှတ်ကတော့ ၆၃၃ ဒသမ ၅ ပေဖြစ်ပြီး တမံကြံ့ခိုင်မှု ကောင်းမွန်စေဖို့အတွက် ပင်မ ရေပိုလွှဲနှစ်ခု၊ အရန်ရေပိုလွှဲနှစ်ခု ဆောင်ရွက်ထားတာကြောင့် အခုရေကျော်မှုဟာ တမံအနေနဲ့ စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရေကျော်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပထမအဆင့်အဖြစ် အစိမ်းရောင်အလံလွှင့်ထူထားသလို ရေကင်းတာဝန်တွေကိုလည်း ၂၄နာရီချထားပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။