အိန္ဒိယတပ်မတော် ဆေးအဖွဲ့က ခုတင်၂၀၀ ဆံ့ယာယီဆေးရုံကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းဟောင်းမှာ ဖွင့်လှစ်ပြီး ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ သိရပါတယ်။

အခုဖွင့်လှစ်ထားတဲ့ ယာယီဆေးရုံမှာ အိန္ဒိယတပ်မတော်ရဲ့ စစ်မြေပြင်ဆေးတပ်ဖွဲ့ဝင် ၁၀၀ ကျော်က ခွဲစိတ်ခန်းနဲ့ ဆေးကုသမှုဆိုင်ရာ အမိုးအကာတွေ ပစ္စည်းတွေနဲ့ ယာယီဆေးရုံဆောက်ပြီး ကုသမှုပေးနေတာပါ။

အိန္ဒိယတပ်မတော် ဆေးအဖွဲ့က ဖွင့်လှစ်ထားတဲ့ ခုတင် ၂၀၀ ဆံ့ ယာယီဆေးရုံမှာ အခုအခါ လူနာတွေကို ကုသ ပေးနေပြီး အသေးစားခွဲစိတ်မှုတွေကိုလည်း လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ဧပြီ ၁ ရက်၊ ည ၈ နာရီအထိ စာရင်းတွေအရ အိန္ဒိယအစိုးရအနေနဲ့ မြန်မာ့ငလျင်ဘေးအတွက် ကုန်တင်လေယာဉ် ၆ စင်း၊ အိန္ဒိယရေတပ်သင်္ဘော ၅ စင်းတို့နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း တန်ချိန် ၆၂၅ တန်ကို ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး ထုတ်ပြန်ထားပါတယ်။