ရေကြီးရေလျှံမှုတွေကြောင့် ဇူလိုင်စတုတ္ထပတ်ကစပြီး ယာယီရပ်နားထားရတဲ့ ရန်ကုန်-မန္တလေးနဲ့ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေကို ဩဂုတ် ၃ ရက်ကစပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်။
ရေကျသွားတဲ့ရထားလမ်းပိုင်းတွေမှာ ရထားလမ်းနဲ့ တံတားကြံ့ခိုင်မှုလုပ်ငန်းတွေကို ဇူလိုင် ၂၉ ရက်ကနေ ဩဂုတ် ၁ ရက်အထိ ဆောင်ရွက်ခဲ့ပြီး ပဲခူးဘူတာယာဒ်ဝင်း၊ ပဲခူး-ဘုရားကြီးလမ်းပိုင်းနဲ့ ပဲခူး-ကလိလမ်းပိုင်းတွေမှာလည်း ရေတွေပြန်ကျသွားပြီဖြစ်တာကြောင့် ကျောက်ရထား၊ ကုန်ရထား၊ သံလမ်းပြေးယာဉ်တွေနဲ့ စမ်းသပ်ပြေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးမှုတွေအရ ရထားတွေ ဖြတ်သန်းစေလွှတ်နိုင်ပြီဖြစ်တာကြောင့် ဩဂုတ် ၃ ရက်စပြီး ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ အမှတ်(၁)အဆန်/ (၂)အစုန် စာပို့လူစီးရထား၊ အမှတ်(၁၁) အဆန်/ (၁၂) အစုန် လူစီးအမြန်ရထားနဲ့ အဆန်/အစုန်အထူးရထားတွေ ပြန်လည်ပြေးဆွဲနေပြီဖြစ်သလို ရန်ကုန်-မော်လမြိုင်လမ်းပိုင်းမှာလည်း အမှတ် (၈၁)အဆန်/ (၈၂)အစုန် လူစီးအမြန်ရထား ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့သိရပါတယ်။

ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းမှာလည်း ရေပြန်လည်ကျဆင်းသွားရင် ရထားလမ်းနဲ့ တံတားတွေရဲ့ ကြံ့ခိုင်မှုကိုစစ်ဆေးပြီး ရထားပြန်လည်ပြေးဆွဲနိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။