မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်မှာ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဇူလိုင် ၁၆ ရက်အထိ ရေဘေးသင့်ပြည်သူ ၇၇၀၀ ကျော် ရှိတယ်လို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင်က ပြောပါတယ်။
မင်းဘူး(စကု)မြို့နယ်မှာ ဇူလိုင် ၁၂ ရက်ကစပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြေနိမ့်ပိုင်းဒေသတွေမှာ မြစ်ရေ ဝင်ရောက်နေတာဖြစ်ပြီး ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်းတွေနဲ့ ရေဘေးလွတ်ရာ နေရာတွေမှာ ယာယီရွှေ့ပြောင်းနေထိုင်ကြရတဲ့ ရေဘေးသင့်အိမ်ထောင်စု ၁၉၀၀ ကျော်က ပြည်သူ ၇၇၀၀ ကျော် ရှိပြီဖြစ်တယ် လို့ ဆိုပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက် တစ်ယောက်ကို ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ၇ ရက်စာနဲ့ ရေဘေးကြောင့် နေအိမ် မျောပါပျက်စီးခဲ့တဲ့ အိမ်ထောင်စုတွေအတွက် ကယ်ဆယ်ရေးသုံးပစ္စည်း စုစုပေါင်း ကျပ်သိန်း ၁၅၀ ကျော်ဖိုး ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ မင်းဘူးခရိုင် ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းက ပြောပါတယ်။

ရေကြီးမှုကြောင့် မြို့နယ်အတွင်း ဒေသခံတော်သူတွေရဲ့ နွေးစပါး၊ နွေနှမ်း၊ မိုးစပါး၊ မိုးနှမ်း၊ မိုးပဲတီစိမ်းနဲ့ အခြား ဟင်းသီးဟင်းရွက် သီးနှံစိုက်ခင်း ဧက ၂၂၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့သလို စာသင်ကျောင်းပေါင်း ၉ ကျောင်း ကိုလည်း ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။
ဇူလိုင် ၁၇ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ မင်းဘူး(စကု)မြို့နယ်မှာ ဧရာဝတီမြစ်ရေဟာ ၁၇၉၄ စင်တီမီတာကို ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် ၉၄ စင်တီမီတာ ကျော်လွန်ရောက်ရှိနေတယ်လို့ သိရပါတဘ်။ အခုလက်ရှိ မြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုဟာ ၇ နှစ်တာကာလအတွင်း အဆိုးရွားဆုံး မြစ်ရေလွှမ်းမိုးမှု ဖြစ်တယ်လို့လည်း သိရပါတယ်။