မကွေးတိုင်းအတွင်းမှာ မိုးခေါင်မှုကြုံတွေ့နေရတာကြောင့် မကွေးမြို့နယ် မကြီးကန်ကျေးရွာမှာ ဇူလိုင် ၁၁ ရက်၊ ညနေပိုင်းက မိုးခေါ်လွန်ဆွဲပွဲကို တစ်ရွာလုံး ပါဝင်လုပ်ဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီမိုးခေါ်လွန်ဆွဲပွဲတွေကို မကွေးမြို့နယ်အတွင်းက အခြားကျေးရွာတွေမှာလည်း ပြုလုပ်နေကြတာ ဖြစ်ပါ တယ်။
လွန်ဆွဲပွဲကို အပျော်ပြုလုပ်တာမျိုးမဟုတ်ဘဲ မိုးရွာသွန်းလာစေဖို့ တရွာလုံးညီညီညွတ်ညွတ် လုပ်ဆောင်ကြတာ ဖြစ်တယ်လို့ မကြီးကန်ကျေးရွာမှ ဒေါ်အေးဝင်းက ပြောပါတယ်။

မကွေးမြို့နယ်မှာ မိုးမရွာတာ တစ်လနီးပါးရှိလာပြီဖြစ်တဲ့အတွက် စီးပွားဖြစ်စိုက်ပျိုးထားတဲ့ မြေပဲ၊ နှမ်း အပါအဝင် သီးနှံစိုက်ခင်းတွေ မိုးရေရရှိဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
သီးနှံစိုက်ခင်းတွေက မိုးရေတအားလိုအပ်နေတာကြောင့် သံဃာတော်တွေပင့်ဖိတ်ပြီး ငါးရံ့မင်းပရိတ်ရွတ် ဖတ်တာ၊ လွန်ဆွဲတာတွေကို ရှေးထုံးအစဥ်အလာအတိုင်း စနစ်တကျဆောင်ရွက်နေတာဖြစ်တယ်လို့ မကြီးကန် ကျေးရွာမှ တောင်သူ ဦးမောင်ဝင်းက ပြောပါတယ်။
မကွေးမြို့နယ် မကြီးကန်ကျေးရွာမှာ တစ်ရွာလုံးပါဝင်ဆင်နွှဲနေတဲ့ မိုးခေါ်လွန်ဆွဲပွဲကို ရှေးအစဥ်အလာရ ဇူလိုင် ၁၁ ရက်ကနေ ၁၃ ရက်အထိ (၃) ရက်ကြာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။