လန်ဒန်မြို့ ဟီးသရိုးလေဆိပ်ကနေ စင်ကာပူနိုင်ငံကိုပျံသန်းလာတဲ့ စင်ကာပူလေကြောင်းလိုင်းက လေယာဉ်ခရီးစဉ်အမှတ် SQ321ဟာ ထွက်ခွာပြီး ၁၀နာရီအကြာမှာ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်ကို မေလ၂၁ရက်၊ ဒေသစံတော်ချိန် ညနေ၃နာရီ၄၅မိနစ် အရေးပေါ်ဆင်းသက်ခဲ့ရပြီး ခရီးသည်တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ စင်ကာပူလေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။
Boeing 777-300ER လေယာဉ်ပေါ်မှာ ခရီးသည်၂၁၁ယောက်နဲ့ လေယာဉ်အမှုထမ်း၁၈ယောက်လိုက်ပါလာခဲ့ပြီး ခရီးသည်တွေထဲမှာ မြန်မာနိုင်ငံသား၂ယောက်လည်းပါဝင်တယ်လို့ ဆိုပါတယ်။



သေဆုံးသူဟာ အသက်၇၃နှစ်အရွယ် ဗြိတိန်အမျိုးသားတစ်ယောက်ဖြစ်တယ်လို့ဆိုပြီး သေဆုံးသူရဲ့မိသားစုအတွက် အထူးဝမ်းနည်းတယ်လို့ လေကြောင်းလိုင်းကပြောကြားထားပါတယ်။
ဒဏ်ရာရသွားတဲ့ခရီးသည်အယောက်၄၀ကိုလည်း ဆေးရုံမှာဆေးကုသမှုပေးနေပြီဖြစ်ပြီး လေယာဉ်ပေါ်မှာ ခရီးသည်တွေနဲ့လေယာဉ်အမှုထမ်းတွေကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေအတွက် အထူးတောင်းပန်အပ်ပါတယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လေကြောင်းလိုင်းအနေနဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း အသိပေးထားပါတယ်။
Photo-Reuters