နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ သင်္ချာပုံစံပြုမော်ဒယ်တွေခန့်မှန်းချက်အရ အခုဖေဖော်ဝါရီလအတွင်းမှာ အားအနည်းငယ်ရှိတဲ့ လာနီညာအခြေအနေမှာ ဆက်လက်တည်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီ၁ရက်မှာ ထုတ်ပြန်ပါတယ်။အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေဟာ အားအနည်းငယ်ရှိတဲ့ လာနီညာအခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

လာနီညာဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်ပေမယ့် အဲ့ဒီလာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအနေနဲ့ အရှေ့ဘက်ကလေပွေလှိုင်းတွေတိုက်ခတ်တာ၊ ညအပူချိန်တွေ အနည်းငယ်လျော့နည်းတာနဲ့ မိုးရွာသွန်းမှုမူမမှန်တာတွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လာနီညာဖြစ်ပေါ်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး အချိန်နဲ့တပြေးညီဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။