ရေကြီးရေလျှံမှု ဖြစ်နေတဲ့ ပဲခူးမြို့၊ အမှတ် ၁ ကျောင်းရှေ့ ရွှေမော်ဓောဘုရားလမ်းပေါ်မှာ ဇူလိုင် ၃၀ ရက်၊ မနက် ၁၀ နာရီခန့်က စက်ဘီးစီးလာတဲ့ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတစ်ယောက် ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ ပဲခူးမြို့နယ် ဒုတိယမြို့နယ်တပ်ခွဲမှူး(ကြက်ခြေနီ) ဒေါ်မြင့်မြင့်ကြည်က One News ကို ပြောပါတယ်။
ဓာတ်လိုက်ခဲ့တဲ့ လူငယ်ကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ပေးခဲ့ပေမယ့် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်လိုက်သေဆုံးခဲ့တဲ့ လူငယ်ဟာ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ကျောင်းတက်နေတဲ့ တက္ကသိုလ်ဝင် ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဈေးဝယ်ဖို့ အပြင်ထွက်ရာမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒုတိယမြို့နယ်တပ်ခွဲမှူး ဒေါ်မြင့်မြင့်ကြည်က ပြောပါတယ်။
အလားတူ ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ရှင်စောပုလမ်း၊ ကျောက်တွင်းကုန်း ပန်းခြံအနီးမှာ ရေကြီးရေလျှံမှုအတွင်း ဇူလိုင် ၃၀ ရက်၊ နေ့လယ်ပိုင်းက အသက်ရှစ်နှစ်အရွယ်ကလေးတစ်ယောက် ရေနုတ်မြောင်းအတွင်း ပြုတ်ကျသေ ဆုံးမှု ဖြစ်ပွားခဲ့တယ်လို့လည်း ပဲခူးမြို့ခံတွေဆီက သိရပါတယ်။