ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ပဲခူးမြစ်ရေ မြင့်တက်ခဲ့တဲ့အတွက် ဇူလိုင် ၂၈ ရက်၊ မွန်းလွဲပိုင်းအထိ ယာယီရေဘေးရှောင်စခန်း ၂၇ ခု ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ ၁၈၀၀၀ ကျော်ကို ကူညီကယ်ဆယ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပေးထားတယ်လို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။
ရေဝင်ရောက်နေတဲ့ ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်တွေကို ဇူလိုင် ၂၉ ရက်၊ မနက်ပိုင်းက ရှာဖွေကယ်ဆယ် ရေး တပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီရေးအသင်းတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်း ပြီး ကူညီရွှေ့ပြောင်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ပဲခူးမြို့နယ်အတွင်းက အနိမ့်ပိုင်း ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေဝင်ရောက်နေတဲ့အပြင် ပဲခူးမြို့တွင်း ရန်ကုန်-မန္တလေး ကားလမ်းမပေါ်မှာ လည်း ရေကျော်နေတယ်လို့ သိရပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ဇိုင်း/တောင် ရပ်ကွက်ရှိ ကျောင်းသစ် ဘုန်းတော်ကြီးကျောင်း၊ ဝင်္ဂဘာဘုန်းကြီးကျောင်း၊ ရွှေဘုန်းပွင့်ဘုန်းကြီးကျောင်း၊ ကျွန်းသာယာရပ်ကွက်က မင်္ဂလာဇေယျုံကျောင်းတိုက်၊ ရွှေနံ့သာ ကျောင်းတိုက် စတဲ့ ဘုန်းကြီးကျောင်းတွေမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။
ရေကျော်နေတဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေနဲ့ ကားလမ်းမပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေနဲ့ လူတွေ ဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက်လည်း တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ရဲ့ ဇူလိုင် ၂၉ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်တွေအရ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာကို ကျော်လွန်ကာ ၉၉၆ စင်တီမီတာကို ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ် အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။