မြန်မာနိုင်ငံအရပ်ရပ်မှာ နွေကာလဖြစ်တဲ့ မတ်၊ ဧပြီနဲ့ မေလတွေအတွင်း နေ့အပူအချိန်တွေ တဖြည်းဖြည်း မြင့်တက်လာပြီး အပူပြန်တက်တိမ်တွေဖြစ်ထွန်းကာ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ် နိုင်ပြီး လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတစ်လျှောက်မှာ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စစ်လက်တာ၊ မိုးသီးကြွေတာနဲ့ နေရာကွက်ကျားမိုးထစ်ချုန်းရွာတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။လေပြင်းတွေတိုက်ခတ်တဲ့အခါ မြေပြင်၊ ရေပြင်လေဟာ တစ်နာရီကို မိုင် ၄၀ ကနေ ၅၀ အထိ တိုက်ခတ်နိုင်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီအတွက် ပြည်သူတွေအနေနဲ့ နွေကာလအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အထူးဂရုပြုနေထိုင်သွားကြဖို့၊ ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့ ရေကြောင်းခရီးစဉ်တွေအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ အသိပေးနှိုးဆော်ထားပါတယ်။