တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသတွေကိုဖြတ်ကျော်ပြီးနောက် စက်တင်ဘာ ၂၁ ရက်မှာ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေကို စတင်ဖြတ်ကျော်ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စင်တင်ဘာ ၁၇ ရက်၊ ညနေ ၆ နာရီခွဲအချိန်မှာ အထူးမိုးလေဝသသတင်းအဖြစ်ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၁၇ ရက်၊ ညနေ ၅ နာရီခွဲအချိန်တိုင်းထွာချက်တွေအရ တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာနိုင်ကာ စက်တင်ဘာ ၂၀ ရက်မှာ ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသတွေကိုဖြတ်ကျော်ပြီး စက်တင်ဘာ ၂၁ ရက်မှာ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေကို စတင်ဖြတ်ကျော်ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
အပူပိုင်းမုန်တိုင်းငယ်ရဲ့ အကြွင်းအကျန်တိမ်တိုက်တွေနဲ့ လေပွေလှိုင်းဟာမြန်မာနိုင်ငံကိုဖြတ်ကျော်ပြီးနောက် ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည်အစပျိုးအားကောင်းလာနိုင်တယ်လို့လည်း ထုတ်ပြန်ချက်အရသိရပါတယ်။
လေပွေလှိုင်းရဲ့အရှိန်ကြောင့် စက်တင်ဘာ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာဒေသအလိုက်မိုးကြီးတာတွေ၊ နေရာကွက်ပြီးမိုးကြီးတာတွေ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒါကြောင့် မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာနေထိုင် ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့မြစ်ငယ်၊ ချောင်းငယ်များအနီးမှာနေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုနိုင်ဖို့၊ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့လေကြောင်းပျံသန်းရေးအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။