နေပြည်တော်၊ ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ ဇန်နဝါရီပျမ်းမျှအပူချိန်ထက် အနည်းငယ် ပိုနိုင်တယ်လို ဇန်နဝါရီပထမ ၁၀ ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒ ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)တို့မှာ ညအပူအချိန်အနေနဲ့ ဇန်နဝါရီလ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နဲ့ အထက် ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မြူဆိုင်းနိုင်တဲ့အခြေအနေကတော့ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ကိုးရက်ခန့်နဲ့ နေပြည်တော်၊ ရန်ကုန်အပါအဝင် ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ သုံးရက်ကနေ ငါးရက်ခန့် မနက်ပိုင်းတွေမှာ မြူဆိုင်းနိုင်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်တယ် လို့လည်း ထုတ်ပြန်ထားပါတယ်။