အခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ရပ်ကွက်အများစုမှာ ရေကြီးရေလျှံမှုတွေ ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေတယ်လို့ မြို့နယ်အတွင်းရှိ ပရဟိတလုပ်ငန်းလုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။ အဲဒီလို ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် ရပ်ကွက်အများစုရဲ့ အတွင်းပိုင်းက လမ်းတွေရေကျော်တာ၊ ဈေးဆိုင်ခန်းတွေ၊ နေအိမ်ခြံဝင်းတွေထဲ ရေဝင်ရောက်တာတွေဖြစ်ပေါ်နေသလို စာသင်ကျောင်းအချို့လည်း ရေလွှမ်းမိုးမှုကြောင့် ယာယီပိတ်ထားရတာတွေ ရှိနေတယ်လို့သိရပါတယ်။
ရပ်ကွက်အချို့မှာလည်း ရေဘေးသင့်ပြည်သူတွေကို ပရဟိတအဖွဲ့တွေနဲ့ အလှူရှင်တွေပူပေါင်းပြီး စတုဒိသာ ထမင်းဟင်းလျာတွေကို ကျွေးမွေးလှူဒါန်းနေတယ်လို့ သိရပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၅၅)ရပ်ကွက်မှာလည်း ရေဘေးကြုံတွေ့နေရတဲ့သူတွေကို ရပ်ကွက်တာဝန်ရှိသူတွေနဲ့ ရပ်မိရပ်ဖတွေ၊ အလှူရှင်တွေနဲ့ ယုယကျန်းမာရေးကူညီမှုပရဟိတအဖွဲ့တွေပူးပေါင်းပြီး ထမင်း ၊ကြက်ဥပြုတ်၊ ငါးပိရည် တို့စရာ၊ ငှက်ပျောသီးအစရှိတဲ့ စတုဒိသာတွေကို ကျွေးမွေးလှူဒါန်းနေတယ်လို့ ယုယကျန်းမာရေးကူညီမှုပရဟိတအဖွဲ့ရဲ့ နာယကဖြစ်သူ ဦးစိုးယုက ပြောပါတယ်။
ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေချိန် အစားအသောက်တွေ လှူဒါန်းပေးတဲ့အတွက် ကျေးဇူး တင်တယ်လို့လည်း (၅၅)ရပ်ကွက်နေ ပြည်သူအချို့ကပြောပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် စတင်မြို့တည်တဲ့အချိန်ကတည်းက နေထိုင်လာခဲ့တဲ့ ပြည်သူတစ်ယောက်ကလည်း နှစ်စဉ်ရေကြီးရေလျှံမှုတွေ ကြုံတွေ့ခဲ့ရပေမယ့် အခုနှစ်လို စံချိန်တင်တဲ့ ရေကြီးရေလျှံမှုမျိုး မကြုံတွေ့ခဲ့ဖူးဘူးလို့ ဆိုပါတယ်။
အခုရက်ပိုင်း အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံး မြို့နယ်အများစုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပါတယ်။