နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဒီဇင်ဘာ(၂၀)ရက်ကနေ (၂၃)ရက်နေ့အတွင်း နေရာစိပ်စိပ်ကနေ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကာ အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးတာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၁၇ ရက် မြန်မာစံတော်ချိန် ည(၆)နာရီအချိန်မှာ ထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်းထုတ်ပြန်ချက်မှာ အခုလိုပါရှိတာပါ။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့က လေနွေးတွေနဲ့တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်း ဒေသက ရွေ့လျားလာတဲ့ လေအေးတွေတွေ့ဆုံမှု၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် အခုလို မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပွားနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့ကြောင့် မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီး လက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင် တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ် သတိပြုဖို့ကိုလည်း အသိပေး ထားပါတယ်။

ဒါ့အပြင် မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ဖို့၊ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့လေကြောင်းပျံသန်းရေးတွေအနေနဲ့လည်း ကြိုတင်သတိပြု နိုင်ဖို့တွေကို သတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကတော့ ဆက်လက် တည်ရှိနေပြီး ပိုမိုအားကောင်းလာနိုင်ကာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး နောက် ၂ ရက် အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေကို ရောက်ရှိနိုင်တယ်လို့လည်း ဒီဇင်ဘာလ(၁၈)ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။