ထိုင်း-မြန်မာ နယ်စပ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှာ ဩဂုတ်(၁၄)ရက်က မယ်ဆိုင်ချောင်းရေမြင့်တက်လာတဲ့အတွက် ရေကြီးရေလျှံမှု ဖြစ်ပွားနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေတဲ့ ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းကနေသိရတယ်။
တာချီလိတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ဩဂုတ်(၁၄)ရက် မနက်ပိုင်းကစပြီး မယ်ဆိုင်ချောင်းရေဟာ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး မယ်ဆိုင်ချောင်းအနီးရှိ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတာဖြစ်တယ်လို့ဆိုပါတယ်၊၊
လက်ရှိမှာတော့ မယ်ဆိုင်ချောင်းရေဟာ ရေအနည်းငယ်ကျဆင်းသွားပေမယ့် ရပ်ကွက်အချို့မှာတော့ မယ်ဆိုင်ချောင်းရေ ဝင်ရောက်မှုဖြစ်ပေါ်နေတဲ့အတွက် ရေဘေးလွတ်ရာကိုပြောင်းရွှေ့ဖို့ ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း ဦးလှမိုးတာချီလိတ်လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ဒါ့အပြင် တာချီလိတ်မြို့မှာ ဩဂုတ်(၁)ရက်ကလည်း မယ်ဆိုင်ချောင်းရေမြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်အချို့နဲ့ မြို့ပတ်လမ်းတစ်လျှောက် ရေနစ်မြုပ်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်၊၊