တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ဒေသတွေမှာ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူဟာ ဧပြီလ ၃ ရက် မနက် ၈ နာရီအချိန်ထိ နောက်ဆုံးကောက်ယူရရှိထားတဲ့ စာရင်းတွေအရ စုစုပေါင်း ၃၀၈၅ ယောက် ၊ ဒဏ်ရာရရှိသူစုစုပေါင်း ၄၇၁၅ ယောက်နဲ့ ပျောက်ဆုံးနေသူ ၃၄၁ ယောက် ရှိတယ်လို့ နစက သတင်းထုတ်ပြန် ရေးအဖွဲ့ကနေ ထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်နဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ လှုပ်ရှားခဲ့တာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ ငလျင်ဒဏ်သင့်တာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်၊၊

အဲဒီအပြင် လမ်းတံတား၊ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူတွေ အသက်သေဆုံးခဲ့ရမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်ခဲ့ရကာ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း သက်ဆိုင်ရာ နယ်မြေ အလိုက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊

မတ်လ(၂၈)ရက်က အင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်တွေအနေနဲ့ ဧပြီလ(၃)ရက် မနက်ပိုင်းအထိ (၇)ရက်တာကာလအတွင်း (၆၄)ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။