ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှာ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း ၂၅ ကျောင်းကို ယာယီပိတ်ထားရတယ်လို့ မြို့နယ်ပညာရေးမှူးရုံးကနေ သိရပါတယ်။
စာသင်ကျောင်းတွေကိုတော့ ဇူလိုင် ၂၂ ရက်ကနေ ၂၆ ရက်အထိ ယာယီပိတ်ထားတာဖြစ်ပြီး စာသင်ကြားမှု နောက်မကျစေဖို့အတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြန်လည်အစားထိုးသင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။

ငဝန်မြစ်ရေဝင်ရောက်လာတာကြောင့် စာသင်ကျောင်းတွေ ခေတ္တပိတ်ထားရပေမယ့် ကျောင်းအဆောက်အအုံတွေ ထိခိုက်ပျက်စီးတာ မရှိဘူးလို့ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၂၄ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းတာရရှိတဲ့ ငဝန် မြစ်ရေ အခြေအနေကတော့ သာပေါင်းမှာ စိုးရိမ်ရေမှတ်အထက် ၃၀ စင်တီမီတာနဲ့ ငါးသိုင်းချောင်းမှာ စိုးရိမ် ရေမှတ်အထက် ၅၇ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။