လျင်ဘေးသင့် မြန်မာပြည်သူ ၁ ဒသမ ၁ သန်း ကို လူသားချင်းစာနာမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၇၅ သန်း လိုအပ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်အပြီးမှာ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုံ့ပြန်ရေးအစီအစဉ်ရဲ့ နောက်ဆက်တွဲ အရေးပေါ် အဆိုပြုလွှာကို UNOCHA က ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။
အဲဒီအရေးပေါ်အဆိုပြုလွှာကနေ လူသားချင်းစာနာမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၇၅ သန်းကို အဆိုပြုထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခဲ့ပြီးနောက်ပိုင်းမှာ လူပေါင်းများစွာဟာ အိုးအိမ်တိုက်တာတွေ ပျက်စီးခဲ့ရသလို လျှပ်စစ် မီးနဲ့ ရေမရရှိတာတွေ ၊ ဘေးကင်းလုံခြုံမှုမရှိဘဲနေထိုင်ရတာ အစရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ငလျင်လှုပ်ပြီးနောက် ကူညီတုံ့ပြန်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတုန်းမှာပဲ ချိန်ခါမဟုတ်မိုးရွာသွန်းမှုကြောင့် ဟင်းလင်းပြင်ထဲနေထိုင်နေကြရသူတွေအတွက် ပိုပြီးခက်ခဲနေတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ အရေးပေါ်တုံ့ပြန်ရေးဗဟို ရန်ပုံငွေကနေ မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီး နာရီပိုင်းအတွင်း စားနပ်ရိ က္ခာ ၊ ရေ နဲ့ အရေးပေါ်ပစ္စည်းတွေ အမြန်ကူညီနိုင်ဖို့ ရန်ပုံငွေချထားပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ငလျင် တုံ့ပြန်ရေးအတွက် နိုင်ငံ ၁၃ နိုင်ငံက မြို့ပြ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၃၀ ကျော် လာရောက် ကူညီခဲ့ပါတယ်။