ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် လိုအပ်တဲ့သောက်သုံးရေတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။

ဒီလိုသောက်ရေသုံးရေတွေဖြန့်ဝေပေးတာကို နေရာလေးခုမှာ ဖြန့်ဝေလုပ်ဆောင်ပေးနေတာပါ။

တရုတ်ကြက်ခြေနီအသင်းက အကူအညီနဲ့ မန္တလေးကျုံးဘေး၊ အမရပူရ၊ စစ်ကိုင်းနဲ့ နေပြည်တော်တို့မှာ ရေသန့်စက်တွေနဲ့ သောက်သုံးရေ ဖြန့်ဝေပေးနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်မိုးသီတာဝင်းက ပြောပါတယ်။

သောက်သုံးရေတွေ ဖြန့်ဝေပေးရာမှာ တစ်ရက်ကို ရေလီတာငါးထောင်ကနေ တစ်သောင်းကြား ဖြန့်ဝေပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ရေလာယူတဲ့သူတွေအဆင်ပြေစေဖို့အတွက် အသင့်သုံးပလတ်စတစ်ဘူးတွေနဲ့ ထည့်ထားပေးသလို ကိုယ်တိုင်လည်းဘူးယူလာပြီး လာရောက်သယ်ယူနိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ ဧပြီလ(၅)ရက်ကနေ ဧပြီလ(၁၅)ရက်နေ့ထိ အိမ်ထောင်စု၁၂၃၈စုကို ရေလီတာသုံးသောင်းကျော်ဖြန့်ဝေပေးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။