အင်အားပြင်း မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ရှိမ်းမကားဘေးမဲ့တောရှိ ရှေးဟောင်းတောရကြီးကျောင်း ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ငလျင်ကြီးဒဏ်ကြောင့် ရှိမ်းမကား ရှေးဟောင်းတောရကြီးကျောင်းမှာ လုံးဝနီးပါးပြိုကျပျက်စီးသွားခဲ့သလို အနီးဝန်းကျင်မှာရှိတဲ့ ရှေးဟောင်းစေတီပုထိုးတွေလည်း ထိခိုက်ပျက်စီးသွားတာကို တွေ့ရပါတယ်။

ရှိမ်းမကား ရှေးဟောင်းတောရကြီးကျောင်းကို ကုန်းဘောင်ခေတ် မင်းတုန်းမင်းတရားကြီးက မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ်မှာ ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပြီး မြေဧက ၃၃ဝ ကျော်ကို ဘေးမဲ့တောအဖြစ် သတ်မှတ်အမိန့်ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

မင်းတုန်းမင်းတရားကြီးက မြန်မာသက္ကရာဇ် ၁၂၂၅ခုနှစ် ကဆုန်လပြည့်ကျော် (၇)ရက်နေ့မှာ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ ရှိမ်းမကားရွာအနီး၊ မူလပထမ ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ တောရကျောင်းတော်ကြီး တည်ရှိရာ ဒေသဖြစ်တဲ့ သဘာဝတောကို ဘေးမဲ့အုပ်အဖြစ် စောင်းတန်းဒကာ ငရိုးကို ခန့်အပ်စောင့်ရှောက်စေခဲ့တာဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

မတ်လ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် နေအိမ်တိုက်တာအဆောက်အအုံတွေအပြင် ရှေးဟောင်းဘုရားစေတီပုထိုးတွေ၊ သာသနိကအဆောက်အအုံတွေ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေလည်း ပြိုကျပျက်စီးခဲ့ရပါတယ်။