မန္တလေးငလျင်ကြီးကြောင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ဘုရားစေတီပုထိုးစုစုပေါင်း ၁၆ ဆူ မှာ ကြီး ကြီးမားမားထိခိုက်မှုမရှိပေမယ့် သာမန်အက်ကွဲကြောင်းလောက်တော့ဖြစ်ပေါ်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)က သိရပါတယ်။

တချို့စေတီငယ်လေးတွေရဲ့ ဖောင်းရစ်ဖောင်းလုံးတွေမှာ အနည်းငယ်ထိခိုက်တာမျိုးရှိပြီး ထီးလိုမင်းလိုဘုရားမှာ အင်္ဂတေပန်း အနည်းငယ် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဘုရားစေတီတချို့မှာ အက်ကွဲကြောင်းတစ်ခုရဲ့ အနက်ဟာ ၅ ပေကနေ ၈ ပေ လောက် သာရှိပြီး အခုထိခိုက်ခဲ့တဲ့ အခြေအနေဟာ ဘုရားစေတီပုထိုးတစ်ခုလုံးရဲ့ ကြံ့ခိုင်မှုကို ထိခိုက်နိုင်လောက်တဲ့ အနေအထားမျိုးတော့မဟုတ် ဘူးလို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)က တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။

လက်ရှိမှာတော့ ငလျင်ဒဏ်ကြောင့် ထိခိုက်မှုရှိခဲ့တဲ့ ဘုရားစေတီပုထိုးတွေကို လိုအပ်တဲ့ ကနဦးစစ်ဆေးမှုတွေ ဆောင်ရွက်ပြီး အမြန်ဆုံးပြုပြင်ထိန်းသိမ်းနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာရင် တုံ့ပြန်နိုင်ဖို့ ခရိုင်အဆင့်ကော်မတီတွေဖွဲ့စည်းထားပြီး ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှာလည်း အရေးပေါ်တုံ့ပြန်ဆောင်ရွက်ဖို့အတွက် အစီအစဉ်တွေ ချမှတ်ဆောင်ရွက်ထားတာတွေရှိတယ်လို့ သိရပါတယ်။