ဂျပန်အရေးပေါ်ဆေးအဖွဲ့တစ်ဖွဲ့ဟာ မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးဖို့အတွက် ရန်ကုန်မြို့ကို ဧပြီလ ၂ ရက်က ရောက်ရှိလာကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌက မြန်မာနိုင်ငံအတွက် အရေးပေါ် ထောက်ပံ့ ရေး ပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်နဲ့ပတ်သက်ပြီး တရုတ်နဲ့ရုရှားတွေက ကယ်ဆယ်ရေးအဖွဲ့ တွေ ရောက်ရှိခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ ဂျပန်အရေးပေါ်ဆေးအဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံကို စေလွှတ် လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်းမြေငလျင်ကြောင့် လက်ရှိအချိန်ထိ လူပေါင်း ၃၀၀၀ ကျော်သေဆုံးပြီး ပိတ်မိနေသူ အများအပြားကတော့ သေဆုံးဖွယ်ရှိနေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

အပျက်အစီးတွေနဲ့ နေရပ်စွန့်ခွာရသူတွေကို အခုနှစ်မုတ်သုံရာသီမတိုင်ခင် အကူအညီတွေ အရှိန်မြှင့်ပေးဖို့ ကုလသမဂ္ဂ တာဝန်ရှိသူ တွေကလည်း တိုက်တွန်း သတိပေးထားပါတယ်။