ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ကျောက်မြောင်းရပ်ကွက်မှာ ဧပြီလ ၁၆ရက် သင်္ကြန်အတက်နေ့ နေ့လယ်ပိုင်းက လာရောက်လည်ပတ်သူတွေ၊ ရေကစားသူတွေ စည်းကားများပြားတာကို တွေ့ရပါတယ်။

ကျောက်မြောင်းရပ်ကွက်ထဲက လမ်းတွေမှာ ရပ်ကွက်အတွင်း နေထိုင်သူတွေ ရေကစားတာရှိသလို တခြားမြို့နယ်တွေမှာ နေထိုင်သူတွေကပါ လာရောက်လည်ပတ်ပြီး ရေကစားကြတဲ့အတွက် စည်ကားများပြားတာဖြစ်တယ်လို့ ဆိုပါတယ်။

ရပ်ကွက်အတွင်းနေထိုင်သူတွေကလည်း လာရောက်လည်ပတ်သူတွေကို မြန်မာ့ရိုးရာစားစရာ စတုဒိသာတွေနဲ့ ဧည့်ခံကျွေးမွေးကြတယ်လို့လည်း သိရပါတယ်။

အခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုကျင်းပတာဖြစ်ပြီး မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုတဲ့အနေနဲ့ သနပ်ခါးလိမ်းတဲ့ဓလေ့ကိုလည်း ထည့်သွင်းကျင်းပတာဖြစ်ပါတယ်။

ဒါ့အပြင် မတ်လ၂၈ရက်မှာလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အခုနှစ်မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါးသီဆိုကခုန်မှုတွေမပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနဲ့အညီ အေးချမ်းသာယာတဲ့သင်္ကြန်၊ အေးသင်္ကြန်အဖြစ် ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။