ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေကိုဖြတ်ကျော်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ်ဟာ အနောက်ဘက်ကိုရွေ့လျားခဲ့ပြီး လာအိုနိုင်ငံအလယ်ပိုင်းဒေသတွေကို ဆက်လက်ဖြတ်ကျော်ခဲ့ပါတယ်။ အဲဒီနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ပြီး အကြွင်းအကျန်တိမ်တိုက်တွေနဲ့လေပွေလှိုင်းဟာ မြန်မာနိုင်ငံရှိတိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့ကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၂၀ ရက် မနက်(၇)နာရီအချိန်ထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်းထုတ်ပြန်ချက်မှာ အခုလိုပါရှိတာပါ။

အဲဒီကုန်းတွင်းမုန်တိုင်းငယ်ဟာ အနောက်ဘက်ကို ဖြည်းညင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသတွေမှာလေဖိအားနည်းဆဲလ်အဖြစ် အားလျော့သွားနိုင်တယ်လို့ဆိုပါတယ်။ အဲဒီနောက်နောက်(၂၄)နာရီအတွင်း အကြွင်းအကျန် တိမ်တိုက်တွေနဲ့လေပွေလှိုင်းဟာ မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ဆိုပါတယ်။
အဲဒီကတစ်ဆင့် အနောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည်အစပျိုးအားကောင်းလာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖြတ်ကျော်လာနိုင်တဲ့ လေပွေလှိုင်းအရှိန်ကြောင့် စက်တင်ဘာ(၂၀)ရက်မနက်ကနေ (၂၅)ရက်အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တာ၊ ဒေသအလိုက်နဲ့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်တာ၊ နေရာကွက်မိုးကြီးတာတွေနဲ့ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝ ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ၊ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးအနေနဲ့ ကြိုတင်သတိပြုနိုင်ဖို့ကိုလည်း သတိပေးနှိုးဆော်ထားပါတယ်။