မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းက ကျေးရွာတွေမှာ မိုးကောင်းစွာ မရွာသွန်းတာကြောင့် ရိုးရာ မိုးခေါ်လွန်ဆွဲပွဲတွေ ပြုလုပ်နေရတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
မိုးကောင်းစွာ မရွာသွန်းတာကြောင့် စိုက်ပျိုး သီးနှံတွေ အသီးအပွင့်လိုက်ချိန်မှာ မိုးရေလိုအပ်နေပြီး အချို့သီးနှံ ပင်တွေက ခြောက်သွေ့ပျက်စီးနေတဲ့အတွက် အခုလို ရိုးရာမိုးခေါ်လွန်ဆွဲပွဲတွေ ပြုလုပ်နေရတာ ဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

အဲဒီ မိုးခေါ်လွန်ဆွဲတာကို ဇူလိုင်လ ၃ ရက် မွန်းလွဲ ၂ နာရီကစတင်ပြီး တန်ဘိုးကျေးရွာမှာ သုံးရက်ဆက်တိုက် ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုနှစ် မိုးရာသီမှာ အောင်လံမြို့နယ်အတွင်း မိုးရွာသွန်းမှု လျော့နည်း နေပြီး ပဲတီစိမ်းနဲ့ နှမ်းသီးနှံကို အများဆုံး စိုက်ပျိုးထားတယ်လို့ တောင်သူတွေဆီက သိရပါတယ်။