မကွေးတိုင်းဒေသကြီး အောင်လံမြို့မှာ ဧရာဝတီမြစ်ရေ ပိုမိုမြင့်တက်လာတဲ့အတွက် အနိမ့်ပိုင်းရပ်ကွက်တွေမှာ နေထိုင်တဲ့ အိမ်ထောင်စုတွေဟာ ရေဘေးလွတ်ရာ နေရာတွေကို ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဧရာဝတီမြစ်ရေဟာ ဇူလိုင် ၁၂ ရက် ညပိုင်းကစပြီး မြင့်တက်လာတာကြောင့် ဧရာဝတီမြစ်ရေ ဝင်ရောက်နေတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ မြစ်ကမ်းနားနေထိုင်သူတွေဟာ ရေဘေးလွတ်ရာတွေနဲ့ဘုန်းကြီးကျောင်းတွေ၊ ကုသိနာရုံ ဘုရားကြီးတန်ဆောင်းနဲ့ ဇာတ်ရုံအတွင်းမှာ ပြောင်းရွှေ့နေထိုင်ရတယ်လို့ ဆိုပါတယ်။
အောင်လံမြို့မှာ ဧရာဝတီမြစ်ရေဟာ ဇူလိုင် ၁၃ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ၂၄၈၈ စင်တီ မီတာကို ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ် ၂၅၅၀ စင်တီမီတာကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။