ဇူလိုင်လ ဒုတိယ ၁၀ ရက်ပတ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ဧရာဝတီမြစ်ရေ မြင့်တက်နိုင်တယ် လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၁ ရက်မှာ ထုတ်ပြန်တဲ့ ဇူလိုင်လ ဒုတိယပတ်အတွက် မြစ်ရေအခြေအနေခန့်မှန်းချက်အရ သိရပါတယ်။
ဧရာဝတီမြစ်ရေဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူးနဲ့ မကွေးမြို့တွေမှာ ၁ပေခွဲကနေ ၃ပေခွဲခန့်၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့တွေမှာ ၄ ပေကနေ ၆ ပေခန့် လက်ရှိရေမှတ်တွေထက် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်းနဲ့ မြင်းမူမြို့တွေမှာတော့ လက်ရှိရေမှတ် အောက် ၅ ပေကနေ ၉ ပေခန့်အထိ ကျဆင်းသွားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဇူလိုင်လ ဒုတိယ ၁၀ ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။