မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ တံတားဦးမြို့နယ်အတွင်း မိုင်တိုင်အမှတ် ၃၅၄ ကနေ ၃၅၆ ကြားမှာ စက်တင်ဘာလ ၁၃ ရက် မနက်ပိုင်းကစပြီး ရေတွေကျော်လာတဲ့အတွက် ကားတွေ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်လိုက်တယ်လို့ အမြန်လမ်းပေါ်ရောက်ရှိနေတဲ့ ခရီးသွားပြည်သူတစ်ယောက် ဖြစ်တဲ့ ကိုဝေလင်းက One News ကို ပြောပါတယ်။
မိုးတွေက ဆက်တိုက်ရွာနေပြီး အမြန်လမ်းအနီး တံတားဦးမြို့နယ်က ရွာတွေလည်း အကုန်ရေလွှမ်းမိုးနေကာ အမြန်လမ်းပေါ်ကိုလည်း ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားတာကြောင့် ခရီးသွားကားတွေ ပိတ်မိနေတယ်လို့ ဆိုပါတယ်၊၊
အမြန်လမ်းမှာ မနက် ၆ နာရီကစပြီး ရေကတဖြည်းဖြည်း မြင့်တက်လာကာ မနက် ၁၁ နာရီမှာတော့ ကားတွေကိုဖြတ်သန်းသွားလာခွင့် ယာယီပိတ်လိုက်တာဖြစ်တယ်လို့ ကိုဝေလင်းက ပြောပါတယ်၊၊

စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းအထိ ရေပြန်မကျသေးဘဲ အမြန်လမ်းပေါ်ရောက်ရှိနေတဲ့ ကားတွေကို ပြန်လှည့် ခိုင်းနေသလို တချို့ကားတွေကတော့ ရေပြန်ကျမယ့်အချိန်ကို စောင့်နေတယ်လို့ သိရပါတယ်၊၊
မန္တလေးတိုင်းဒေသ ကြီးအတွင်းက မြို့နယ်အများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုတွေလည်း ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပရဟိတအသင်းအဖွဲ့တွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။