တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ အနောက်-အနောက်တောင်ဘက်ကို ရွေ့လျားနိုင်ပြီး အပူပိုင်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ကာ စက်တင်ဘာ(၁၉)ရက်ညပိုင်းမှာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဖြတ်ကျော်နိုင်တယ်လို့ စက်တင်ဘာလ ၁၉ ရက် မနက်(၇)နာရီအချိန်မှာထုတ်ပြန်ထားပါတယ်။
အခုအချိန်မှာ အပူပိုင်းမုန်တိုင်းငယ်ဟာ ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသတွေကို ဖြတ်ကျော်မှုမရှိသေးတာကြောင့် ခန့်မှန်းချက်တွေအားလုံးဟာ တိုင်းထွာတဲ့အချိန် အသုံးပြုတဲ့ဒေတာနဲ့ ခန့်မှန်းတွက်ချက်တဲ့မော်ဒယ်လ်တွေပေါ်မူတည်ပြီး မုန်တိုင်းရွေ့လျားမယ့် လမ်းကြောင်းအမျိုးမျိုးပြောင်းလဲနေတယ်လို့လည်းဆိုပါ တယ်။

အဲဒီမုန်တိုင်းငယ်ရဲ့ အကြွင်းအကျန်တိမ်တိုက်တွေနဲ့ လေပွေလှိုင်းဟာ မြန်မာနိုင်ငံကိုဖြတ်ကျော်ပြီးနောက် ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းအဖြစ်ပြန်လည်အစပျိုး အားကောင်းလာနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖြတ်ကျော်လာနိုင်တဲ့ လေပွေလှိုင်းရဲ့အရှိန်ကြောင့် စက်တင်ဘာ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက်မိုးကြီးတာ၊ နေရာကွက်ပြီးမိုးကြီးတာနဲ့ လေပြင်း တိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာနေထိုင် ကြသူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားဖို့၊ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။