မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း လေဆင်နှာမောင်းတိုက်ခတ်ခံရမှုကြောင့် နေအိမ် ၁၅၀ ခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ သံဖြူဇရပ်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးစိုးမင်းက One News ကိုပြောပါတယ်။
လေဆင်နှာမောင်းတိုက်ခတ်မှုဟာ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးတာတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ကူညီမှုနဲ့ ဖယ်ရှားရှင်းလင်းတာတွေပြုလုပ်နေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ထောက်ပံ့ပစ္စည်းပေးအပ်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ရေး-သံဖြူဇရပ်လမ်းပိုင်း၊ သက္ကော့နဲ့ မရှိခဏအကြားမှာလည်း သစ်ပင်ကြီးတွေလဲကျပြီး ကားလမ်းတွေအပေါ် ပိတ်နေတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး ဘီးလင်းမြစ်ရေမြင့်တက်လာတာကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း ပေါင်နဲ့သထုံကြား လမ်းမကြီးပေါ် ၂ ပေခန့် ရေမြင့်တက်ခဲ့တဲ့အတွက် ယာဉ်သွားလာမှုတွေ ယာယီပိတ်ထား ခဲ့ရတာတွေရှိခဲ့တယ်လို့လည်း ဦစိုးမင်းကပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လဆန်းပိုင်ခန့်ကစပြီး မိုးသည်းထန်စွာရွာသွန်းတာတွေကြောင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသအချို့မှာ တောင်ကျရေနဲ့အတူ ရေကြီးရေလျှံတာတွေဖြစ်ခဲ့သလို အခု တတိယပတ်အတွင်းမှာလည်း ဧရာဝတီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်ဘက်မှာ ရေကြီးရေလျှံတာတွေဖြစ်ပေါ်ခဲ့ပါတယ်။