စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေဖို့ဆောင်ရွက်ရာမှာ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်ကျ ရောက်မှုတွေက အဓိကစိန်ခေါ်မှုဖြစ်နေတယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောပါတယ်။
ဇွန်လ(၂၆)ရက် မနက်ပိုင်းက နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ လည်းဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ အမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနဲ့ လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရွက်မယ့် လုပ်ငန်းအစီအစဉ်တွေကို ချမှတ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် တောမီးလောင်ကျွမ်းတာနဲ့ အကြောင်းအမျိုးမျိုး ကြောင့်လောင်ကျွမ်းတဲ့ အခြားမီးတွေက ဖြစ်ပေါ်လာတဲ့ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချနိုင်ရေးအတွက် ရေးဆွဲပြီးဖြစ်တဲ့ လုပ်ငန်းစီမံချက်တွေကို နေပြည်တော်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိ သက်ဆိုင်ရာဌာနတွေအနေနဲ့ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင် ရွက်သွားကြဖို့လိုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။