ထိုင်းနိုင်ငံကုန်းတွင်းပိုင်းဒေသတွေမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားခဲ့ပြီး ထိုင်းနိုင်ငံကုန်းတွင်းပိုင်းဒေသတွေနဲ့ မြန်မာနိုင်ငံကကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့ကို စတင်ဖြတ်ကျော်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၂၁ ရက် မနက်(၇)နာရီအချိန်ထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်းထုတ်ပြန်ချက်မှာ အခုလိုပါရှိတာပါ။

အဲဒီလေဖိအားနည်းဆဲလ်နဲ့ အကြွင်းအကျန်တိမ်တိုက်တွေဟာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး နောက်(၂၄)နာရီအတွင်း မြန်မာနိုင်ငံမွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးတောင်ပိုင်း၊ မကွေးတိုင်းဒေသကြီးနဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီကတစ်ဆင့် အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကာ စက်တင်ဘာလ(၂၃)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိနိုင်ပါတယ်။
အဲဒီလေဖိအားနည်းဆဲလ်နဲ့ အကြွင်းအကျန်တိမ်တိုက်တွေရဲ့အရှိန်ကြောင့် စက်တင်ဘာ(၂၁)ရက်မနက်ပိုင်းကနေ (၂၅)ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကာ နေရာကွက်မိုးကြီးတာတွေနဲ့ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ၊ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးတွေ သတိပြုနိုင်ဖို့သတိပေးနှိုးဆော်ထားပါတယ်။