တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ကတစ်ဆင့်ဖြစ်ပေါ်လာနိုင်တဲ့ လေပွေလှိုင်းအရှိန်ကြောင့် စက်တင်ဘာ(၂၀)ရက်ကနေ(၂၅)ရက်အတွင်း တိုင်းဒေသကြီးနဲ့ပြည်နယ်အများစုမှာ နေရာအနှံ့ အပြားမိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက်မိုးကြီးတာတွေ၊ နေရာကွက်မိုးကြီးတာတွေနဲ့အတူ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၁၉ ရက် မနက်(၁၀)နာရီခွဲအချိန်ထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်းထုတ်ပြန်ချက်မှာ အခုလိုပါရှိတာပါ။

တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ အနောက်ဘက်ကိုရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာအပူပိုင်းမုန်တိုင်း ဆိုးလစ်ခ် အဖြစ်ကိုရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ်ဟာ အနောက်- အနောက်တောင်ဘက်ကို ရွေ့လျားနိုင်ပြီး စက်တင်ဘာ(၁၉)ရက် ညပိုင်းမှာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကိုဖြတ်ကျော်နိုင်တယ်လို့ဆိုပါတယ်။ အဲဒီနောက် စက်တင်ဘာ (၂၀)ရက်နေ့မှာ ဆိုးလစ်ခ်ရဲ့အကြွင်းအကျန်တိမ်တိုက်တွေနဲ့လေပွေလှိုင်းဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေကို စတင်ဖြတ်ကျော်ပြီး အနောက်-အနောက်တောင်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကာ ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည်အစပျိုးအားကောင်းလာနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
လေပွေလှိုင်းအရှိန်ကြောင့် စက်တင်ဘာ(၂၀)ရက်ကနေ(၂၅)ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ် နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့ အသိပေးထားပြီး ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။