မြန်မာနိုင်ငံတစ်ဝန်းမှာ အခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာ(၆)ရက်အထိ မြေငလျင် လှုပ်ခတ်မှု (၃၁)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။

အဲဒီအထဲမှာ အင်အား အနည်း ငယ်ရှိ ငလျင်က(၂၇)ကြိမ်၊ အင်အားအသင့်အတင့်ရှိ ငလျင်က(၄)ကြိမ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း မြေငလျင် လှုပ်ခတ်မှုတွေက နိုင်ငံရဲ့ အရှေ့ဘက်ခြမ်းဒေသတွေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ရန်ကုန်အနီးတစ်ဝိုက်နဲ့ ဧရာဝတီ ဘက်တွေမှာ ဖြစ်ပွားမှုတွေ များတယ်လို့ ဆိုပါတယ်။မြေငလျင်ဆိုတာ ကြိုတင်ခန့်မှန်းတိုင်းတာဖို့ မလွယ်ကူပေမဲ့ ငလျင်လှုပ်ခတ်လာလို့ရှိရင် ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကို အမြဲပြင်ဆင်ထားသင့်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုဟာ ပြတ်ရွေ့တွေ ရွေ့လျားမှုကြောင့် အဓိကဖြစ်ပေါ်သလို မြေထုချပ်တွေ ရွေ့လျားမှုတွေကြောင့် လည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒီဇင်ဘာလ(၉)ရက် မနက် (၃)နာရီ (၂၈)မိနစ်(၃)စက္ကန့်အချိန်ကလည်း သီပေါ မြေငလျင် စခန်းကနေ အရှေ့မြောက်ဘက် (၆၉)မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (သိန္နီမြိုရဲ့အရှေ့မြောက် ဘက် (၇)မိုင်ခန့်အကွာ) အနက်(၁၀)ကီလိုမီတာကို ဗဟိုပြုပြီး အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီမြေငလျင်ဟာ ပြင်းအား ရစ်(ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်ဖြစ်တယ်လို့ သိရပါတယ်။