မြန်မာနိုင်ငံတစ်ဝန်းမှာ မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် မြစ်ရေတွေမြင့်တက်လာပြီး မြို့ ၉ မြို့မှာ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၃၀ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ သိရပါတယ်။

ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂၅ စင်တီမီတာ၊ ဇလွန်မြို့မှာ ၂၉ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ စစ်တောင်းမြစ်ရေကလည်း မဒေါက်မြို့မှာ စိုးရိမ်ရေမှတ် အထက် ၂၀၀ စင်တီမီတာအထိ ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၃ လက်မခန့် ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရွှေကျင်မြစ်ရေဟာလည်း ရွှေကျင် မြို့မှာ စိုးရိမ်ရေမှတ်အထက် ၉၈ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၁ ပေခန့် ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်သလို ပဲခူးမြစ်ရေကတော့ ပဲခူးမြို့မှာ စိုးရိမ်ရေ မှတ်အထက် ၁၂၂ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်ပါတယ်။ အလားတူ သံလွင်မြစ်ရေကလည်း ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ၁၈၆ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၃ လက်မခန့် ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ငဝန်မြစ်ရေကတော့ ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်အထက် ၇၀ စင်တီမီတာ၊ သာပေါင်းမြို့မှာ စိုးရိမ်ရေမှတ် အထက် ၆၆ စင်တီမီတာနဲ့ ပုသိမ်မြို့မှာ ၈ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီးစိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အခုရက်ပိုင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်ခြေဖုံး မြို့နယ်အများစုမှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။