ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ဇူလိုင် ၂၆ ရက်၊ မနက် ၇ နာရီခွဲလောက်က မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် မြဝတီမြို့ အနိမ့်ပိုင်းနဲ့ မြစ်နဲ့နီးတဲ့ ရပ်ကွက်တွေမှာ သောင်ရင်းမြစ်ရေ ဝင်ရောက်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
သောင်ရင်းမြစ်ရေဟာ တစ်ရှိန်ထိုး မြင့်တက်လာတာကြောင့် မြစ်ကြောင်းတစ်လျှောက် အနိမ့်ပိုင်း နေအိမ်တွေ အားလုံး ရေနစ်မြုပ်နေတာဖြစ်ပြီး ရေဘေးရှောင်တွေကို နီးစပ်ရာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွေကို ရွှေ့ပြောင်း ပေးနေတာ ဖြစ်တယ်လို့ မြဝတီမြို့မှာ ရေဘေးကူညီ ကယ်ဆယ်ရေးဆောင်ရွက်နေသူ တစ်ယောက်ကလည်း ပြောပါတယ်။
အဲဒီအပြင် ကရင်ပြည်နယ်၊ ဘားအံနဲ့ ကြာအင်းဆိပ်ကြီးမြို့တွေမှာလည်း သံလွင်မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းနဲ့ မြစ်နဲ့နီးတဲ့ ရပ်ကွက်တွေက နေအိမ်တွေအတွင်း ရေဝင်ရောက်မှု ဖြစ်ပွားခဲ့တဲ့အတွက် ရေဘေးသင့် ပြည်သူတွေကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေဆီ ကူညီရွှေ့ပြောင်းပေးထားတယ်လို့လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ကရင်ပြည်နယ်အတွင်းမှာတော့ ရေဘေးနဲ့အခြားသဘာဝဘေးတွေကို လျင်လျင်မြန်မြန် ကူညီဆောင်ရွက်နိုင်ဖို့ အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်နေသလို ရေဘေးကယ်ဆယ်ရေး စခန်း ၅ ခုလည်း ဖွင့်လှစ်ထားတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း-ဘားအံကနေ သိရပါတယ်၊၊
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၂၆ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းတာရရှိတဲ့ မြစ်ရေ အခြေအနေတွေကတော့ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ၁၀၃ စင်တီမီတာ၊ သောင်ရင်း မြစ်ရေဟာ မြဝတီမှာ စိုးရိမ်ရေမှတ်အထက် ၂၃၆ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။