မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဇူလိုင် ၁၄ ရက်၊ မနက်ပိုင်းက တာကျိုးပေါက်ပြီး အလုပ်သမား ၇ ယောက် ရေနဲ့မျောပါပျောက်ဆုံးနေတယ်လို့ မြန်မာ နိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီးကော်မတီ)ကနေ သိရပါတယ်။
အဲဒီ”တာ”ဟာ လုပ်ငန်းခွင် သီးသန့် “ တာ” ဖြစ်တဲ့အတွက် လူနေရပ်ကွက်တွေထဲကိုတော့ ရေဝင်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။

ရေဆိုးထုတ်မြောင်းလုပ်ငန်းခွင်အတွက် ဧရာဝတီမြစ်ရေမဝင်ဖို့ တုတ်တားထားတဲ့အပိုင်းကနေ ရေဝင်ရောက်သွားတာဖြစ်ပြီး ပျောက်ဆုံးအလုပ်သမား ၇ ယောက်ဟာ ရေဆိုးမြောင်းအတွင်း ပိတ်မိနိုင်ကြောင်း ခန့်မှန်းထားတယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ပျောက်ဆုံးနေတဲ့အလုပ်သမားတွေကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။