စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့မှာ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး အနိမ့်ပိုင်းနေရာတွေက အိမ်တွေ ရေလွှမ်းမိုးခံနေရတယ်လို့ ဒေသခံတစ်ယောက်ဖြစ်တဲ့ ကိုအဲက One News ကို ပြောပါတယ်။
ဇူလိုင် ၅ ရက်၊ ညနေ ၄ နာရီဝန်းကျင်ကစပြီး မော်လိုက်မြို့၊ အမှတ်၂ ရပ်ကွက်၊ တံတားဦးရပ်နဲ့ ညောင်ပင်သာရပ် အကြားမှာရှိတဲ့ ရေကာတာမှ ရေကျော်မှုဆိုးရွားလာတာကြောင့် တံတားဦးရပ်က မြေနိမ့်ပိုင်းမှာရှိတဲ့ အိမ်ခြေ ၅၀ ခန့် ရေလွှမ်းမိုးခံနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြို့မ ၁ ရပ်ကွက်၊ ကျောင်းတောင်ရပ် မြေနိမ့်ပိုင်းမှာ အိမ်ခြေ ၃၀ ကျော်၊ မြို့မ ၂ ရပ်ကွက်၊ အောင်ချမ်းသာရပ် မြေနိမ့်ပိုင်းမှာ အိမ်ခြေ ၄၀ ကျော်လည်း ရေလွှမ်းမိုးခံနေရတယ်လို့ သိရပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ဖို့ တံတားဦးရပ်၊ ဓမ္မာရာမကျောင်းတိုက် ဆရာတော်ထံ တာဝန်ရှိသူတွေက တောင်းပန်လျှောက်ထားပြီး အဲဒီဘုန်းတော်ကြီးကျောင်းမှာ ရေဘေးကယ်ဆယ် ရေး စခန်း ဖွင့်လှစ်ထားပါတယ်။ ဆရာတော်ကလည်း ရေဘေးသင့်ပြည်သူတွေကို နေထိုင်စားသောက်ရေး ထောက်ပံ့ကူညီထားတယ်လို့ ကိုအဲလေးရဲ့ပြောကြားချက်အရ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၆ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ မော်လိုက်မြို့မှာ ၁၂၇၇ စင်တီမီတာကိုရောက်ရှိနေပြီး အဲဒီမြို့ရဲ့စိုးရိမ်ရေမှတ်က ၁၂၃၀ စင်တီမီတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။