မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၂ ရက်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ဘုရားနှစ်ဆူ ပြိုကျခဲ့တယ်လို့ ရှေးဟောင်းသုတေသနကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ ဦးဇေမျိုးလင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားချက်အရ သိရပါတယ်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ဘုရားအမှတ် ၁၀၄၂ နဲ့ ငှက်ပစ်တောင်ပေါ်က စေတီကြီးဘုရားတို့ ပြိုကျခဲ့တာ ဖြစ်ပါတယ်။ ဘုရားအမှတ် ၁၀၄၂ ဟာ ၁၃ ရာစုလက်ရာ ဆင်ကဘုရား(ခေါ်)ဆင်က အုတ်တိုက်ရှည် ဖြစ်ပြီး စေတီကြီးဘုရားကတော့ ၁၂ ရာစုလက်ရာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီရှေးဟောင်းဘုရားနှစ်ဆူ ပြိုကျရာမှာ ရေဝင်၊ ရေဝထားတဲ့ လက္ခဏာတွေ့ရပြီး လေထုထဲမှာ ရေခိုးရေငွေ့ ပါဝင်မှုနှုန်း များတာ၊ လုံလောက်တဲ့ နေရာင်ခြည်နဲ့ အပူဓာတ်မရတာ၊ အုတ်သားထုထဲဝင်နေတဲ့ ရေခိုးရေငွေ့ကို အငွေ့ပျံသွားအောင် မထုတ်နိုင်တာ၊ မြေသားအင်္ဂတေရဲ့ တွယ်ကပ်၊ တွယ်ကုပ်နိုင်မှုစွမ်းအား မရှိတော့တာ၊ မိုးရေဒဏ်ကို ထိန်းမထားနိုင်တော့တာ တွေကြောင့် ပြိုကျရတာဖြစ်တယ်လို့ ရေးသားထားပါတယ်။
ညောင်ဦးမြို့နယ်မှာ စက်တင်ဘာ ၁၂ ရက်က ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ ၈ ဒသမ ၅၁ လက်မ ရှိပြီး မိုးရေချိန် စံချိန်သစ်တင်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။