မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်ယဉ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် စက်တင်ဘာ ၁၂ ရက်နေ့က ရှေးဟောင်းဘုရားစေတီ အဆောက်အအုံ ၉ ခု အနည်းငယ် ထိခိုက် ပျက်စီးမှု ရှိခဲ့တယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ကနေ သိရပါတယ်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ၂ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာ ကြောင့် ဘုရားအမှတ်-၁ ရွှေစည်းခုံဘုရား တောင်ဘက်စောင်းတန်းက ခြင်္သေ့ရုပ်မြောက်ဘက် အုတ်တံတိုင်း အနည်းငယ်ပဲ့ကျတာ၊ ဘုရားအမှတ်-၁၅၉၇ သဗ္ဗညုဘုရား မြောက်ဘက်တံတိုင်းမုခ် အနောက်ဘက်ခြမ်း အုတ်တွေပဲ့ကျတာ၊ ဘုရားအမှတ် – ၁၈၁၂ ထီးလိုမင်းလိုဘုရား မဟာရံတံတိုင်းမြောက်ဘက်နဲ့ အရှေ့ဘက် အဝင်မုခ် အနည်းငယ်ပဲ့ကျတာ၊ ဘုရားအမှတ်- ၁၈၂ (ငှက်ပစ်တောင်အစု) ရင်ပြင်အုတ်ခုံပဲ့ကျတာ၊ ဘုရားအမှတ်-၁၆၇(ငှက်ပစ်တောင်အစု) ဓမ္မစေတီဘုရား ပစ္စယံအောက်ပိုင်းပဲ့ကျတာ၊ ဘုရားအမှတ်- ၁၀၄၂ ဆင်က အုတ်တိုက် နံရံနှစ်ဖက် ပေါင်းကူးအမိုးပြိုကျတာ၊ ဆင်ဖြူရှင်ရေကန် မြောက်ဘက်ခြမ်းရေကန်ပဲ့ကျတာ၊ ဘုရားအမှတ် -၇၁၁ လက်ပွတ်ကန်ဘုရား ဘုရားရင်ပြင်ခုံ အရှေ့ဘက်ခြမ်းအုတ်တွေပဲ့ကျတာ၊ တံတိုင်းအတွင်းဘက် မြောက်ဘက်ခြမ်း အုတ်အနည်းငယ်ပဲ့ကျတာ၊ အရှေ့ဘက်တံတိုင်းအုတ်များပဲ့ကျတာ၊ ဘုရားအမှတ် – ၃၄၅ အနောက်တောင်ထောင့် နဲ့ အနောက်ဘက် အောက်ခြေခုံပဲ့ကျတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်မှုဖြစ်ပေါ်ခဲ့တဲ့ ရှေးဟောင်းဘုရားစေတီ အဆောက်အအုံတွေကို ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူတွေက အမြဲမပြတ်စောင့်ကြည့်ကာ ရှေးမူမပျက်ပြန်လည်ပြင်ဆင်နိုင် ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။